Thursday, July 21, 2011

outlaws

ဪ မောင်လေးရယ်..
သောင်းကျန်းသူ လို့ ခေါ်လိုက်မိရင် နာမည်နဲ့လိုက်အောင် ထစ်ခနဲရှိ သောင်းကျန်းဖို့ ချောင်းနေသူတွေက ပိုသောင်းကျန်းပြနေမှာပေါ့ကွယ်။

သူတို့မှာ ရောင်စုံလက်နက်ကိုင်အဖွဲ့အစည်း ဆိုတဲ့ တရားဝင်နာမည် ရှိပါတယ်။
တကယ်တော့ သူတို့ဟာ အစိုးရနဲ့ သဘောထားမတိုက်ဆိုင်လို့ ကိုယ်ပိုင်လက်နက်ကိုင်တပ် ဖွဲ့ထားသူတွေပါ။ သူတို့ကို အရပ်စကားမှာ သောင်းကျန်းသူလို့ ပြီးလွယ်စီးလွယ် ခေါ်တတ်ကြပေမဲ့ စာသင်ခန်းထဲမှာ ဆရာမမရှိတုန်း မျောက်ရှုံးအောင် ဆော့သလို သောင်းကျန်းနေတာမျိုးကို ပြောတာမဟုတ်ဘူးကွဲ့။

သူတို့ဘာလဲ လို့ မေးရင် မမလည်း သေချာမသိပါဘူးကွယ်။ သူတို့ဘာသာတော့ သေချာသိပါလိမ့်မယ်။ သူတို့ လုပ်ရပ်ကိုလည်း သူတို့ဘာသာ အကဲဖြတ်မယ်ဆို အခေါ်အဝေါ်ဆိုးတွေ ဘယ်ကျန်ရစ်ပါ့မလဲ။

ဘာပဲဖြစ်ဖြစ် ကိုယ့်စကားအမှားကြောင့် ရန်မီးမွှေးသလို ဖြစ်မသွားစေချင်တာ တစ်ခုပဲ။
ထစ်ခနဲ့ရှိ ငြင်းခုံဆဲဆိုလိုက်ရမှ၊ အဆင်မပြေတာ ရှိခဲ့ရင် နာကျင်အောင်လက်တြုံ့ပန်ရမှ၊ သူတစ်ပါးကို ဂုဏ်သရေဖျက် နှောက်ယှက်ရမှ ကောင်းမယ်ထင်တဲ့သူမျိုးကို အနာပေါ်တုတ်ကျ ဖြစ်အောင် မလုပ်မိစေနဲ့ကွယ်။

အသုံးအနှုန်းတွေဟာ ဘာကြောင့်ယဉ်ကျေးဖို့ လိုအပ်သလဲ ဆိုတော့ ရိုင်းစိုင်းတဲ့ တုံ့ပြန်မှုတွေ မလိုလားလို့ပေါ့။

No comments: